လေ့လာစလူငယ်တွေ အမေးအများဆုံး မေးခွန်း
Credit: Ko Ei Maung
ဆရာတို့သင်နေတဲ့ PHP နဲ့ Java တို့ C++ တို့ ဘာကွာလဲ ?
ဒီကိစ္စကို မကြာမကြာ ပြောဖူးပေမယ့်.. မေးတဲ့သူတွေက မကြာမကြာ မေးနေကြဆဲပါပဲ။ ဒါကြောင့် တစ်ခေါက်လောက် အကျဉ်းချုပ် ထပ်ပြောပါဦးမယ်။ ဘာတွေကွာလဲ တန်းစီ ပြောရရင် မဆုံးနိုင်အောင် ဖြစ်သွားပါမယ်။ ဒါကြောင့် လိုရင်းကို အခုလို မှတ်သားနိုင်ပါတယ် -
၁.) လုပ်ငန်းသုံးဆော့ဖ်ဝဲတွေ ရေးသားလိုရင် Java နဲ့ JavaEE ကို လေ့လာပါ (သို့မဟုတ်) C# နဲ့ .NET ကို လေ့လာပါ။ နှစ်မျိုးလုံး လုပ်နိုင်ရင် ကောင်းပေမယ့် တစ်ခုနဲ့ စရမှာပါ။ အလုပ်အခွင့်အလမ်း ကောင်းပါတယ်။
၂.) မိုဘိုင်း App တွေ ရေးသားလိုရင် Java နဲ့ Android ကို လေ့လာပါ။ Swift နဲ့ iOS ကိုပါ တွဲလေ့လာနိုင်ရင် ကောင်းပေမယ့် ပိုအသုံးများတဲ့ Android နဲ့ စသင့်ပါတယ်။ အလုပ်အခွင့်အလမ်း ကောင်းပါတယ်။
၃.) ဝဘ်ဆိုက်နဲ့ Web App တွေ ရေးသားလိုရင် PHP နဲ့ JavaScript ကို လေ့လာပါ။ အလုပ်အခွင့်အလမ်း ကောင်းပါတယ်။ Ruby လို နည်းပညာကိုလည်း သုံးကြပေမယ့် ပြည်တွင်း အလုပ်အခွင့်အလမ်း နည်းပါတယ်။
Language တစ်ခုကို ကဏ္ဍစုံမှာ သုံးလို့ ရနိုင်ပါတယ်။ JavaScript နဲ့ မိုဘိုင်း App ရေးလို့ ရပါတယ်။ Java နဲ့ ဝဘ်ဆိုက် ရေးလို့ ရပါတယ်။ PHP နဲ့ လုပ်ငန်းသုံး ဆော့ဖ်ဝဲ ရေးလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ.. သက်ဆိုင်ရာ ကဏ္ဍနဲ့ လိုက်ဖက်တဲ့ Language နည်းပညာကိုသာ အဓိကထား သုံးကြရပါတယ်။ ကဏ္ဍစုံလုပ်နိုင်ရင် ကောင်းပေမယ့် အစမှာ တစ်ခုနဲ့ အစပြုကြရမှာပါ။ ဒါကြောင့် မိမိနှစ်သက် ဝါသနာပါရာ ကဏ္ဍတစ်ခုကို အခြေခံပြီး စတင်လေ့လာရမယ့် Language နည်းပညာကို ရွေးချယ်သင့်ပါတယ်။
ဆက်လက်ပြီး...
၄.) Operating System, Database Engine, Browser Engine, Search Engine စတဲ့ System ဆော့ဖ်ဝဲတွေ ရေးသားလိုရင် C/C++ ကို လေ့လာပါ။ ဒီကဏ္ဍမှာ Language ထက်စာရင် Software Engineering ပညာက ပိုအဓိကကျပါတယ်။ ပြည်တွင်းမှာ ဖွံ့ဖြိုးလှခြင်း မရှိသေးပါဘူး။
၅.) AI, Machine Learning, Data Science စတဲ့ ကွန်ပျူတာသိပ္ပံ သုတေသနပိုင်း အတွက် Python ကို လေ့လာနိုင်ပါတယ်။ ဒီကဏ္ဍမှာလည်း Language ထက် ကွန်ပျူတာသိပ္ပံ ဗဟုသုတက ပိုအဓိက ကျပါတယ်။ ပြည်တွင်းမှာ ဖွံ့ဖြိုးခြင်း မရှိသေးပါဘူး။
ဝါသနာပါရင် လုပ်သင့်ပေမယ့်.. ဒီကဏ္ဍတွေဖွံ့ဖြိုး တိုးတက်လာအောင်တော့ ကာလတစ်ခုကြာအောင် ဝိုင်းဝန်းကြိုးပမ်းကြရ ဦးမှာပါ။
Go တို့ Rust တို့ Scala တို့လို အခြားထင်ရှားတဲ့ Language တွေလည်း ရှိသေးပေမယ့် ဒါတွေကို အစပြုလေ့လာတဲ့ Language အဖြစ် ရွေးချယ်မယ့်အစား၊ နောင် အတွေ့အကြုံ အထိုက်အလျှောက် ရှိလာတော့မှ လိုအပ်ချက်အလိုက် ဆက်လက် လေ့လာသင့်တဲ့ Language နည်းပညာတွေပဲ ဖြစ်ပါတယ်။
Credit: Ko Ei Maung
•••
0 Comments